Blog Detail

  • jpm-k-01_144.jpg

    မြန်မြန်ပြေးဖို့ မလိုပါဘူး၊ မှန်မှန်ပြေးဖို့ပဲ လိုပါတယ်

    ယုန်နဲ့ လိပ်ပုံပြင်ကနေပြီးတော့ အတွေးတစ်ခုရမိတယ်။ ပုံပြင်လေးကို နည်းနည်းပြန်နွှေးရရင်...

    ယုန်နဲ့ လိပ် အပြေးပြိုင်တယ်။ ယုန်က အပြေးမြန်တယ်။ လိပ်ကနှေးတယ်။

    အပြေးပြိုင်ပွဲစတော့ အပြေးမြန်ပါတယ်ဆိုတဲ့ ယုန်က သူ့ရဲ့ လျင်မြန်မှုကို အသုံးချပြီး

    တဟုန်ထိုးပြေးတယ်။ လိပ်ထက်လည်း အများကြီး ရှေ့ကို ရောက်သွားတယ်။

    ဒါပေမဲ့ လမ်းတစ်ဝက်မှာ အိပ်နေတယ်။

    လိပ်ကတော့ နှေးတယ်။ ယုန်လို လျင်လျင်မြန်မြန်လည်း မပြေးနိုင်ဘူး။

    ဒါကြောင့် ဖြည်းဖြည်းချင်းစီပဲ ရွေ့တယ်။ နောက်ဆုံးမှာတော့ အားလုံး သိကြတဲ့အတိုင်းပဲ

    လိပ် အနိုင်ရသွားတယ်။

    အဲ့တော့ ကျွန်တော်တို့တွေဟာလည်း တစ်ခါတလေမှာ ပုံပြင်ထဲက ယုန်လိုမျိုးပဲ

    လမ်းတဝက်ရောက်တော့မှ အိပ်နေတတ်တဲ့လူတွေလားဆိုတာ ပြန်စဥ်းစားကြည့်ဖို့လိုတယ်။

    အလုပ်တစ်ခုခုလုပ်တယ်။ အစပိုင်းမှာတော့ Passion အပြည့်၊ စိတ်ထက်သန်မှုအပြည့်နဲ့

    ဝုန်းဒိုင်းဝုန်းဒိုင်းလုပ်တယ်။ ပြီးရင် ပြန်ငြိမ်သွားတယ်။ ဒါဟာ စဥ်းစားကြည့်ရင်

    ယုန်လိုပဲ အစပိုင်းမှာတော့ တဟုန်ထိုးထပြေးပြီး လမ်းတစ်ဝက်ရောက်မှာ အိပ်ပျော်သွားတာနဲ့

    မတူပေဘူးလား။

    ကျွန်တော်ဆိုလဲ ငယ်ငယ်က အင်္ဂလိပ်ဘာသာစကားတို့၊ တရုတ်ဘာသာစကားတို့

    စတင်လေ့လာတုန်းက အစပိုင်းမှာတော့ စိတ်ထန်သက်မှုအပြည့်နဲ့ လေ့လာပေမယ့် နောက်ပိုင်းမှာ

    လမ်းတစ်ဝက်ရောက်မှ အိပ်ချင်စိတ်ဖြစ်လာလို့ မနည်းပြန်ထိန်းခဲ့ရဖူးတယ်။

    ကျွန်တော်ကတော့

    ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုဟာ ကိုယ့်အတွက် အရမ်းပင်ပန်းစေတယ်၊

    စိတ်မသက်မသာဖြစ်စေတယ်ဆိုရင် ကိုယ်သက်သာစေနိုင်တဲ့ အနေအထားတစ်ခုကနေပဲ

    အရင်ဦးဆုံး စတင်လိုက်တာပဲ။

    ကျွန်တော် တနေ့ကို Eng ဘာသာစကားအတွက် 5 မိနစ်၊ တရုတ်ဘာသာစကားအတွက် 5 မိနစ်ပဲ

    လေ့လာခဲ့တယ်။ တနေ့ကို 10 မိနစ်ပဲလေ့လာတယ်။

    ဒါပေမဲ့ တနေ့ကို 10 မိနစ်ပဲ လေ့လာတယ်ဆိုပေမယ့် တစ်ရက်မှ မပျက်ခဲ့ဘူး။

    ဘယ်လောက်ပဲ အချိန်မရမရ အဲ့ဒီ 10 မိနစ်အတွက် အချိန်မရရအောင်ပေးတယ်။

    နောက်ပိုင်း ၁လ လောက်ထိ ပုံမှန်လေး လေ့လာဖြစ်လာတော့မှ အချိန်ကိုထပ်တိုးတယ်။

    မိနစ် ၂၀၊ ၂၅ စသည်ဖြင့် တဖြည်းဖြည်းချင်းတိုးတိုးသွားတာ။

    အဲ့တော့ ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ ရပ်မနေဖို့ပါပဲ။

    ကျွန်တော်တို့ နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ ရွေ့နေဖို့လိုပါတယ်။

    ခရုသည် နှေးတယ်ဆိုပေမယ့် သူမှန်မှန်ရွေ့မယ်ဆိုရင် နေရာတစ်ခုရောက်တာပဲ၊

    လိပ်သည်လည်း နှေးတယ်ဆိုပေမယ့် မှန်မှန်လေးရွေ့နေမယ်ဆိုရင် နေရာတစ်ခု ရောက်နိုင်တာပဲ။

    ဒါကြောင့်...

    ကျွန်တော်တို့ မြန်မြန်ပြေးဖို့ မလိုပါဘူး။

    မှန်မှန်ပြေးဖို့ပဲ လိုပါတယ်။ မှန်နေပြီဆိုမှ အရှိန်ကို တင်ဖို့စဥ်းစားပါလို့ အကြံပေးချင်ပါတယ်။

Contact Us
Building (B-16), Room (3), Anawyathar Housing, Kamaryut township, Yangon